လေယာဉ်နဲ့ ခရီးသွားသူများအတွက် လေဆိပ်မှာသုံးရလေ့ရှိတဲ့ အင်္ဂလိပ်စကားလုံးလေးတွေကို ဆက်ပြီး မျှဝေပေးချင်ပါတယ်။
1. Baggage Claim Tagပြီးခဲ့တဲ့အပတ်က ပြောခဲ့သလို Check-in counter မှာ လေယာဉ်ဝမ်းဗိုက် (aircraft hold) ထဲထည့်ပေးလိုက်မည့် အိတ်များကို ထားခဲ့ရပါတယ်။ အဲ့လိုထားခဲ့တဲ့အခါမှာ လေယာဉ်လိုင်းမှ မိမိအိတ်မှာ ချိတ်ကပ်ပေးလိုက်တဲ့ စာရွက်ခေါက်လေးကို Baggage claim tag လို့ခေါ်ပါတယ်။ ခရီးသည်ရဲ့ boarding pass မှာ ပြန်ကပ်ပေးလိုက်တဲ့ ဘားကုတ်ဒ် ပါတဲ့ စတစ်ကာလေးကိုတော့ the stub လို့ ခေါ်ပါတယ်။ လေယာဉ်ခရီးစဉ် ပြီးဆုံးလို့ ခရီးသည်အိတ် ပြန်ယူတဲ့အခါ အိတ်မှာကပ်ထားတဲ့ Baggage claim tag မှာပါတဲ့ ဘားကုတ်ဒ်နံပါတ် နဲ့ ခရီးသည်မှာ ရဲ့ the stub မှာ ပါတဲ့ ဘားကုတ်ဒ်နံပါတ် တစ်ထပ်တည်းကျမှသာ မိမိအိတ်လို့ ပြောလို့ ရပါတယ်။ ဒါကြောင့် ခရီးသည်တွေ အနေနဲ့ stub sticker လေးကို ခရီးစဉ်တစ်လျှောက် မပျောက်အောင် ထိန်းသိမ်းထားရမှာ ဖြစ်ပါတယ်။
2. Baggage Claimခရီးစဉ် ပြီးဆုံးပြီး လေယာဉ်ဆိုက်ရောက်သည့်အခါ ခရီးသည်များအနေနဲ့ ပြည်ဝင်ခွင့်လုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးလျှင် မိမိတို့အိတ်များကို ယူရမှာ ဖြစ်ပါတယ်။ အိတ်ယူတဲ့ နေရာကို baggage claim လို့ ခေါ်ပါတယ်။ လေဆိပ်တွင်baggage claim များ တစ်ခုထပ်ပိုရှိသည့်အခါ မိမိလေယာဉ်၏ baggage claim နံပါတ်ကို LED board မှာ အရင်ကြည့်ရပါတယ်။ LED board မှာ မိမိ flight number၊ မိမိ လာခဲ့သည် လေဆိပ်အမည်တို့နှင့် ယှဉ်တွဲပြီး မိမိအိတ်ယူရမည့် baggage claim ကို ဖော်ပြထားပါတယ်။ ပြီးနောက် သက်ဆိုင်ရာ baggage claim ကိုသွားပြီး မိမိအိတ်ကို ယူရုံပါပဲ။
3. Carry-on Luggageလေယာဉ်ဝမ်းဗိုက် (aircraft hold) ထဲ မထည့်ပေးဘဲ လေယာဉ်ခန်း (cabin) ထဲသို့ ခရီးသည်နှင့်အတူ ယူဆောင်သည့်အိတ်ကို carry-on luggage လို့ ခေါ်ပါတယ်။ carry-on luggage များက လေယာဉ်လိုင်းမှ သတ်မှတ်ထားတဲ့ အရွယ်အစား နှင့် အလေးချိန်သာရှိရပြီး၊ လေယာဉ်လိုင်းမှ သယ်ယူခွင့်ပြုတဲ့ ပစ္စည်းများကိုသာ ယူဆောင်ရပါတယ်။
4. Check-in Luggageခရီးသည်မှ ကိုယ်တိုင် မယူဆောင်ဘဲ လေယာဉ်ဝမ်းဗိုက် (aircraft hold) ထဲသို့ ထည့်ပေးလိုက်သည့် အိတ်ကို check-in luggage လို့ ခေါ်ပါတယ်။ check-in luggage များတွင်လည်း လေယာဉ်လိုင်းမှ သယ်ယူခွင့်ပြုတဲ့ ပစ္စည်းများကိုသာ ထည့်ပေးရပါတယ်။ အချို့နိုင်ငံ၊ အချို့ လေကြောင်းလိုင်းများမှာတော့ ခရီးသည် တစ်ဦးချင်း သယ်ဆောင်ခွင့်ရှိတဲ့ check-in luggage အရေအတွက် သတ်မှတ်ထားပါတယ်။ မိမိသွားနေကျ နိုင်ငံ၊ မိမိစီးနေကျ လေကြောင်းလိုင်းမဟုတ်လျှင် လေကြောင်းလိုင်းများ၏ စည်းမျဉ်းများကို သေသေချာချာ ဖတ်သင့်ပါတယ်။
5. Luggage Cartပုံမှာ တွေ့ရတဲ့အတိုင်း လေဆိပ်ထဲမှာ တွန်းတဲ့ လှည်းလေးတွေကို luggage cart လို့ ခေါ်ပါတယ်။ luggage cart တွေကို တွန်းတဲ့အခါ လက်ကိုင်ကို ဖိလိုက်မှ ဘီးလိမ့်ပြီး တွန်းလို့ ရတယ်ဆိုတာကိုတော့ လေယာဉ်နှင့် ပထမဆုံး ခရီးသွားမည့်သူများ သတိထားပေးရပါမယ်။
6. Moving Walkwayပုံမှာ တွေ့ရတဲ့အတိုင်း moving walkway ဆိုတာ လေဆိပ်မှာ လမ်းလျှောက်စရာမလိုဘဲ အလိုအလျောက် ရွေ့လျားပေးတဲ့ လျှောက်လမ်းကို ခေါ်တာပါ။ Moving walkway ကိုအသုံးပြုတဲ့အခါ သတိချပ်ရမှာက မိမိအနေနဲ့ အလျင်မလိုဘူး၊ လမ်းမလျှောက်ဘဲ စက်အတိုင်းပဲ လိုက်သွားမယ်ဆိုရင် ညာဘက်ကပ်ရပ်ပေးရပါတယ်။ အလျင်လိုသူများ၊ စက်ပေါ်မှာ လမ်းလျှောက်သွားမည့်သူများက ဘယ်ဘက်ကနေ ဖြတ်ကျော် လျှောက်သွားလို့ရပါတယ်။
