တစ်ဖက်သား အင်္ဂလိပ်လို ပြောတာ ကိုယ်နားလည်ပေမယ့် ကိုယ်ပြန်မပြောတတ်ဘူး။ မပြောရဲဘူး။ တချို့ကလည်း ဘာပြန်ပြောရမလဲ မသိဘူး ဆိုပြီး မြန်မာကျောင်းသား အများစု ဖြစ်တတ်ကြပါတယ်။ ဒီလိုခေတ်မှာ English Speaking သွက်လာအောင် လေ့ကျင့်ဖို့ နည်းလမ်းတွေ အများကြီး ရှိလာပါပြီ။ အင်္ဂလိပ်လို ပြောဆိုသုံးတဲ့ နေရာတွေ၊ အင်္ဂလိပ်စကားပြောဝိုင်းတွေ၊ စကားပြောအသင်းတွေကို သွားရင်တော့ အကောင်းဆုံးပါပဲ။ စကားပြောကို အခြေခံကစပြီး ဘယ်လိုလေ့လာမလဲ။
စကားပြောမထွက်တာ မပြောလို့ပါ။ ဒါကြောင့် ကိုယ်က စပြောပါ။ ကိုယ်ကပြောရဲတဲ့သတ္တိကို ကိုယ်ပဲမွေးရမှာပါ။ ဒါကြောင့် မှားမှားမှန်မှန် ပြောထွက်ဖို့ အရေးကြီးပါတယ်။
မြန်မာကျောင်းသား အများစုက အခြေခံပညာမှာ English speaking ကို အစစ်ဆေးမခံခဲ့ရတော့ တခြား writing နဲ့ grammar exams တွေလို မှားမှာ ကြောက်ကြပါတယ်။ ဒါကြောင့် မှားမှာ မကြောက်ပါနဲ့။ မှားမှာကို ကြောက်ပြီး မပြောတော့ရင် ရှိတဲ့အကြောင်းအရာကို ပြောထွက်အောင် ပြောဖြစ်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် မှားမှာ မကြောက်ပါနဲ့။
Grammar တွေအရမ်းကျက်ထားတာလဲ တကယ်ပြောရာမှာ အဆင်မပြေလှပါဘူး။ သိတော့သိထားရပါမယ်။ ပြောရင်လည်း ထည့်သုံးရပါမယ်။ ဒါပေမယ့်လည်း ကျက်ထားတဲ့ အတိုင်း ပုံစံဝင်အောင်လိုက်ပြောနေရင် အင်္ဂလိပ်စကားပြောထွက်ဖို့ နှောင့်နှေးနိုင်ပါတယ်။
ကိုယ့်လိုပြောမယ့်သူအချင်းချင်း စုစည်းပြီး ခေါင်းစဉ်တစ်ခုခုကို အင်္ဂလိပ်လို ဆွေးနွေးတာမျိုး၊ အင်္ဂလိပ်လိုမပြောရင် ဖိုင်းကောက်ပြီး စာအုပ်စာတမ်း ဝယ်တာမျိုးလေးတွေ အချိန်ပေးလုပ်ကြည့်သင့်ပါတယ်။ ပြီးရင် အင်္ဂလိပ်လိုမျိုး အသုံးပြုတဲ့ workshop, presentation, activities တွေမှာ ပါဝင်ဆောင်ရွက်တာမျိုး၊ တက်ရောက်တာမျိုး လုပ်သင့်ပါတယ်။
ဘယ်လိုပြောတယ်ဆိုတာကိုသိဖို့ များများနားထောင်ရပါတယ်။ ဒါကြောင့် listening လုပ်နေရင်း အပြောအတွက်ပါ တစ်ခါတည်း မှတ်သားလေ့ကျင့်နိုင်ပါတယ်။ ရုပ်ရှင်တွေကနေလည်း သင်ယူနိုင်ပါတယ်။
စာဖတ်မှ အသုံးအနှုန်းသိရမှာ ဖြစ်တာမို့ စာကို ပုံမှန်ဖတ်သင့်ပါတယ်။ အသံထွက်မသိရင်လည်း အဘိဓာန်ဖွင့်ကြည့်တာမျိုး ပြုလုပ်သင့်ပါတယ်။
English လို debate လုပ်ခြင်းဖြင့် အင်္ဂလိပ်လို ပိုပြောထွက်စေပါတယ်။ Debate လုပ်နေရင်း ကိုယ့်စိတ်က မြန်လာပြီး၊ ကိုယ်ခံယူတဲ့ အကြောင်းအရာအပေါ် အင်္ဂလိပ်လို ပိုပြောထွက်စေပါတယ်။ သူငယ်ချင်းတွေနဲ့ လုပ်ကြည့်ပါ။
စာဖတ်ခြင်းဟာ ဦးနှောက်ကို စကားလုံးအသစ်တွေ ရောက်စေမှာမို့ အသံထွက်ဖတ်ခြင်းအားဖြင့် အသံထွက်နဲ့ အဓိပ္ပါယ်ကို တွဲသုံးတက်စေပါလိမ့်မယ်။ အသံထွက်အတွက် ဖုန်းထဲထည့်လို့ရတဲ့ pronunciation dictionary, Oxford learners’ dictionary တို့ကို ထည့်သွင်းပြီး အသံထွက်အမှန်ကို နားထောင်နိုင်ပါတယ်။ ဒါ့အပြင် အသံထွက်မှန်အောင်လည်း ဖုန်းမှာရှိတဲ့ siri တို့ cortana တို့ကို ခိုင်းကြည့်ပါ။ ကိုယ်ပြောတဲ့ စကားတိုင်းကို သူတို့ နားလည်လာရင်တော့ အရမ်းပျော်ဖို့ ကောင်းပါတယ်။
Waiyan Htut (Brought to you by the SPACE Language Academy)
Ref: www.englishlive.ef.com, www.fluentu.com, www.thoughtco.com